ဂျပန်မှာအလုပ်လျှောက်မယ့်သူတိုင်း သိကိုသိထားသင့်တဲ့ “ CV Form” ရေးနည်းကို အသေးစိတ်မျှဝေလိုက်ပါတယ်
ဂျပန်နိုင်ငံမှာ တစ်နိုင်ငံလုံးသုံး CV Form Format ရှိပါတယ်။ တချို့ကုမ္ပဏီတွေအပေါ်မူတည်ပြီး ကွာခြားမှုအနည်းငယ်ပဲရှိပါတယ်။ တော်တော်များများက ဒီ CV Form Format ကိုပဲ လက်ခံကြပါတယ်။ ဒါ့ကြောင့် ဂျပန်လို “ CV Form” ကို မှန်မှန်ကန်ကန်နဲ့ရေးတတ်အောင် အသေးစိတ်ဖတ်ရှုလိုက်ပါ။
To Download Japan CV Form Format : https://bit.ly/JapanCVForm
၁။ နေ့စွဲ
——-
အလုပ်လျှောက်မယ့်နေ့/CV Form ပေးပို့မယ့်နေ့ကို ဖြည့်ရပါမယ်။
၂။ ဓာတ်ပုံ
———-
(3.6~4 cm x 2.4~3cm) Size
(၃) လအတွင်းရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ရပါမယ်။ အလုပ်ကောင်းရဖို့ ဓါတ်ပုံသေချာရိုက်ပြီး ကပ်သင့်ပါတယ်။
၃။ ၄။ ကိုယ်ရေးအချက်အလက်
——————————
နာမည်ကို Katakana နဲ့ English လို (၂) မျိုးလုံးရေးရမှာဖြစ်ပါတယ်။ နာမည်ရေးတဲ့အခါ ပုံမှန် Size ထက် နဲနဲပိုကြီးပြီး ထင်ထင်ရှားရှားရေးရပါမယ်။ ဂျပန်ရောက်မြန်မာများအနေနဲ့ နေထိုင်ခွင့်ကဒ် (ဇိုင်းလျူးကဒ်) ကနာမည်အတိုင်းဖြည့်ဖို့လိုပါတယ်။
ကျန်တဲ့မွေးသက္ကရာဇ်၊ ကျား/မ နဲ့ လိပ်စာအပြည့်အစုံကို ရေးပေးရပါမယ်။
၅။ ဖုန်းနံပါတ်
————
လက်ရှိအသုံးပြုနေတဲ့ ဖုန်းနံပါတ်ကို ရေးရပါမယ်။
၆။ ပညာအရည်အချင်း
———————
အထက်တန်းကစပြီး မိမိတက်ခဲ့ဖူးတဲ့ ကျောင်း၊ တက္ကသိုလ်၊ တက်ရောက်နေဆဲကျောင်းများနဲ့ လေ့လာခဲ့တဲ့ဘာသာရပ်များကို ခုနှစ်၊ လအစဥ်လိုက်ရေးပေးရပါမယ်။
၇။ လုပ်ငန်းအတွေ့အကြုံ
———————–
အလုပ်သင်၊ အချိန်ပိုင်းအလုပ်၊ အမြဲတမ်းဝန်ထမ်းအလုပ်စတဲ့မိမိလုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီအမည်နဲ့ ရာထူးစတဲ့အချက်တွေကို ခုနှစ်၊ လ အစဥ်လိုက်ရေးပေးရပါမယ်။ အလုပ်မှာရာထူးတိုးရှိခဲ့ရင်လည်း တိုးခဲ့တဲ့ခုနှစ်၊ ရာထူးအမည်၊ ပြောင်းတဲ့ဌာနအမည်စတာတွေကို ဖြည့်ပေးဖို့လိုပါတယ်။
၈။ ဘာသာစကားနှင့်အခြားအောင်လက်မှတ်များ
———————————————-
ဂျပန်စာအောင်လက်မှတ်၊ အလုပ်နဲ့သက်ဆိုင်မယ့်အရည်အချင်းအောင်လက်မှတ်၊ ကားမောင်းလိုင်စင်စတဲ့တခြားအောင်လက်မှတ်တွေကိုလည်း ရေးပေးရပါမယ်။
၉။ Applied Reason, Personality, Marital Status
—————————–
ဒီအလုပ်ကိုလျှောက်ထားလိုတဲ့ရည်ရွယ်ချက်၊ မိမိရဲ့အားသာချက် အားနည်းချက်၊ ဝါသနာ၊ ဒီကုမ္ပဏီကိုသဘောကျတဲ့အချက်တွေ၊ မိမိအနေနဲ့ဒီအလုပ်မှာဘယ်လိုအကျိုးပြုမယ်၊ ဒီအလုပ်နဲ့ ကိုက်ညီတဲ့မိမိရဲ့အရည်အချင်းစတဲ့အချက်တွေကို သေချာရေးပေးဖို့လိုပါတယ်။ အိမ်ထောင်ရှိ/မရှိ၊ ကလေးရှိ/မရှိနဲ့ ထောက်ပံ့နေရသူရှိ/မရှိကိုပါ ရေးပေးရပါမယ်။
၁၀။ မျှော်မှန်းသည့်အချက်
————————–
မိမိမျှော်မှန်းထားတဲ့အလုပ်နေရာ၊ ရာထူး၊ လစာနဲ့ အလုပ်ချိန်တွေကို ဖော်ပြပေးရပါမယ်။
မှတ်ချက်။ လက်ရေးနဲ့ဖြည့်မယ်ဆိုရင် မင်အမဲကိုသာသုံးရပါမယ်။ မင်စိုသုံးလို့မရပါ။ Mail နဲ့လျှောက်ထားတဲ့အခါ PDF File ကို Attach လုပ်ပြီး လျှောက်ထားရပါမယ်။