အလုပ်ခေါ်စာတွေမှာ အများစုတွေ့ရတဲ့ ဂျပန်နိုင်ငံလစာစနစ် (၄)မျိုးအကြောင်း

အလုပ်ရှာနေသူများနဲ့အလုပ်ပြောင်းချင်နေသူများသေချာသိထားသင့်တဲ့ ဂျပန်နိုင်ငံရဲ့လစာစနစ်တွေ အကြောင်းကို မျှဝေလိုက်ပါတယ်။ ဒီလစာစနစ်တွေက အလုပ်ခေါ်စာအများစုမှာတွေ့ရတဲ့ လစာစနစ်တွေဖြစ်ပါတယ်။

၁။ 年俸制 (နှစ်စဉ်လစာစနစ်)

—————-

နှစ်စဥ်လစာစနစ်ဆိုတာ တစ်နှစ်လုံးရဲ့လစာကို အလုပ်ခေါ်စာထဲမှာသတ်မှတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ များသောအားဖြင့် တစ်နှစ်စာလစာကို (၁၂) ဖြင့်စားပြီး တစ်လချင်းစီရရှိမှာဖြစ်ပါတယ်။ နှစ်စဥ်လစာထဲမှာ တစ်နှစ်အတွင်းလုပ်ရမယ့်အချိန်ပိုတွေကိုအကြမ်းဖျင်းတွက်ချက်ပြီး အချိန်ပိုကြေးတွေ၊ နှစ်စဥ်ဘောနပ်စ်တွေကိုပါထည့်တွက်ပြီး တစ်နှစ်လုံးစာလစာအဖြစ်သတ်မှတ်ထားတတ်ပါတယ်။ တချို့အလုပ်ခေါ်စာတွေမှာဆိုရင် နှစ်စဥ်လစာထဲမှာ အချိန်ပိုကြေးနဲ့ ဘောနပ်စ်မပါတတ်ကြောင်းကိုလည်း သေချာဖော်ပြတတ်ပါတယ်။ ဒါ့ကြောင့် အင်တာဗျူးမှာ အလုပ်ရှင်နဲ့အင်တာဗျူးတဲ့အချိန် လစာအကြောင်းကို သေချာမေးမြန်းဆွေးနွေးဖို့လိုပါတယ်။

၂။ 月給制 (လစဉ်လစာစနစ်)

—————-

တစ်လလုံးလုပ်အားခအတွက် လစဥ်ပေးတဲ့လစာစနစ်ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက လစဥ်လစာထဲမှာ အချိန်ပိုကြေးပါပြီးသားလား၊ အချိန်ပိုဘယ်နှစ်နှနာရီနဲ့အထက်ဆိုရင် အချိန်ပိုကြေးရမှာလဲ၊ တစ်လကိုအချိန်ပိုဘယ်နှနာရီရှိနိုင်လဲစတဲ့ အချက်တွေကို သေချာသိထားဖို့လိုပါမယ်။

၃။ 日給制 (နေ့စဥ်လစာစနစ်)

—————-

နေ့စဥ်လစာစနစ်ဆိုတာ အလုပ်လုပ်ရက်တစ်ရက်ချင်းစီအတွက်ပေးတဲ့လစာစနစ်ဖြစ်ပါတယ်။ နေ့တိုင်းလုပ်အားခပေးတဲ့အလုပ်လည်းရှိသလို တစ်လအတွင်းအလုပ်လုပ်ရက်စုစုပေါင်းကိုတွက်ချက်ပြီးပေးတဲ့အလုပ်တွေလည်းရှိပါတယ်။ အပြင်ဘက်လုပ်ငန်း (ဥပမာ-ဆောက်လုပ်ရေးလုပ်ငန်း) တွေမှာ ဒီလိုလစာပေးစနစ်မျိုးတွေ့ရတတ်ပါတယ်။

၄။ 時給制 (အချိန်ပိုင်းလစာစနစ်)

—————-

အချိန်ပိုင်းအလုပ်တွေမှာ ပေးလေ့ရှိတဲ့လစာအမျိုးအစားဖြစ်ပါတယ်။ တစ်နာရီကို ဘယ်လောက်ရမယ်ဆိုပြီး သတ်မှတ်ဖော်ပြထားပါတယ်။ တစ်လအတွင်းအလုပ်လုပ်ချိန်စုစုပေါင်းနာရီကို တွက်ချက်ပြီး လုပ်ခစာလစာရရှိမှာဖြစ်ပါတယ်။

Share the Post: